Hero Image

2022

VII

တချိန်တည်းမှာပဲ ပျင်းရိနေသလို တချိန်တည်းမှာပဲ ရှုပ်ထွေးနေတယ်။ တချိန်တည်းမှာပဲ ချစ်စဖွယ် ဖြစ်နေသလို တချိန်တည်းမှာပဲ ကြောက်မက်ဖွယ် ဖြစ်နေတယ်။ တချိန်တည်းမှာပဲ အရောင်တွေ တောက်ပနေသလို တချိန်တည်းမှာပဲ နက်မှောင်နေတယ်။ အဲဒီလို ဦးတည်ချက် ဆန့်ကျင်ဘက် အစွန်အဖျား အရသာနှစ်ခုကို သမမျှတစွာ ထိန်းညှိထားတဲ့ နံရံရဲ့ vii Collection ပဲ ဖြစ်ပါတယ်။ ဖန်တီးသူတို့ရဲ့ ကိုယ်ပိုင်ဟန် တစ်ခုစီနဲ့ နံရံတို့ တွဲစပ်ဖန်တီးထားမှုက အမြင်အရရော၊ ဖက်ရှင်အရပါ ခံစားမှုအသစ်တွေ ဒီကနေ့မှာပဲ ယူဆောင်လာပါပြီ။

ဖန်တီးရေးဆွဲသူ ခုနှစ်ယောက်ရဲ့မတူညီသော လက်ရာ ခုနှစ်ခုကို Oversized T-shirt တွေ အဖြစ် ဆင့်ပွားဖန်တီးထားတဲ့ NanYan’s vii Collection အစီအစဉ်ဟာ တကယ်ပဲ ရောက်ရှိလာပါပြီ။ Alco ၊ ဘေဘေး ၊ DoShine ၊ လှိုင်ဝေလွင် ၊ ပြည့်ဝေမြဝင်း ၊ သည်းဦးသဇင် နဲ့ ဇာနည်တို့ရဲ့ လက်ရာတစ်ခုချင်းစီကို NanYan ကနေတဆင့် ရင်းနှီးဖြစ်သား ဖြစ်မှာပါ။ ဒါကြောင့် ၎င်းလက်ရာတွေကို နေ့စဉ်ဝတ်ဆင်လို့ အဆင်ပြေမယ့် Fashion အဖြစ် ပြောင်းလဲလိုက်တာကလည်း အရသာအသစ်လေး တစ်ခုကို ပေးဆောင်နိုင်မှာပါပဲ။

Alco ရေးဆွဲထားတဲ့ ဓံ-၁ (Burden-1) နှင့် NanYan’s vii Collection @2022

Alco ဟာ သူ့ရဲ့လူငယ် အတွေ့အကြုံနဲ့ သူ့ရဲ့ စိတ်ကူးတွေကို Mixed Media သုံးပြီး ရဲရဲတင်းတင်း ဖော်ထုတ်ရေးဆွဲသူ တစ်ယောက် ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ သူ့လက်ရာတွေဟာ ဖမ်းဆုပ်ဖို့ ခက်ပေမယ့်၊ ပုံရဲ့ တနေရာရာမှာတော့ တိမ်မြုပ်နေတဲ့ တစ်ခုထက် မကသော အဓိပ္ပါယ်တွေ ကိန်းအောင်းနေပါတယ်။ “ဓံ” ဟာ သူ့ရဲ့၎င်းကဲ့သို့ လက်ရာတွေထဲက တစ်ခုဖြစ်ပြီး ကြည့်ရှုသူကို တစ်ခုခု ပြောဖို့ ကြိုးစားနေသလိုပါပဲ။

ဘေဘေး ဖန်တီးထားတဲ့ Composed Love Scenes 1 နှင့် NanYan’s vii Collection @2022

ဘေဘေးဟာ ဓာတ်ပုံ၊ ပန်းချီနဲ့ Collage လက်ရာများကို ဖန်တီးရင်း ရှေ့ဆက်နေသူ ဖြစ်ပါတယ်။ အမည်တပ်ဖို့ ခက်တဲ့ စိတ်ခံစားချက်တွေကို အတိတ်က ပုံရိပ်အချိို့ကို ဆွဲယူပြီး ထိထိမိမိ ပုံဖော်ဖန်တီးထားတဲ့ ဘေဘေးရဲ့ “Composed Love Scene” ဟာ ယနေ့ခေတ် လူမှုကွန်ယက်တွေပေါ်က အချစ်ရှုခင်းတွေကို ထင်ဟပ်လျက် ရှိပါတယ်။ သဘာဝအတိုင်း မပြီးဆုံးနိုင်သော ခံစားချက်တွေဟာ ဘေဘေးရဲ့လက်ရာတွေထဲမှာ စိမ့်ဝင်နေပါတယ်။

DoShine ဖန်တီးရေးဆွဲထားတဲ့ ကိန္နရီ ကိန္နရာ နှင့် NanYan’s vii Collection @2022

DoShine ဟာ ဒဏ္ဍာရီလာ သတ္တဝါတွေနဲ့ ဇာတ်ကောင်တွေကို ဖန်တီးရေးဆွဲ (ပြန်လည် အသက်သွင်း) ရာမှာ ပြောင်မြောက်တဲ့ Digital Artist တစ်ယောက်ပါ။ ချစ်ခြင်းမေတ္တာရဲ့သင်္ကေတလို့ ဆိုရအောင်ထိ အချစ်သိပ်ကြီးကြတဲ့ ဒဏ္ဍာရီလာ “ကိန္နရီ ကိန္နရာ” မောင်နှံကို DoShine က သူ့စိတ်ကူးနဲ့ ပြန်လည်ဆန်းသစ် ရေးဆွဲလိုက်ပါတယ်။ အသေးစိတ်ထိအောင် သပ်သပ်ရပ်ရပ် ပြန်လည် ပုံဖော်ထားမှုနဲ့အတူ ဒဏ္ဍာရီရဲ့အလှတရားကို ခံစားတွေ့ရှိရမှာပါ။

လှိုင်ဝေလွင် ဖန်တီးရေးဆွဲထားတဲ့ MONKEY နှင့် NanYan’s vii Collection @2022

လှိုင်ဝေလွင်ဟာ တချိန်တုန်းက မြန်မာ့ ရိုးရာ/ယဉ်ကျေးမှု လက်ရာတွေမှာ ရှိခဲ့တဲ့ အရသာမျိုးကို Digital လက်ရာတွေမှာ ကိုယ်ပိုင် ဆန်းသစ်မှုနဲ့ ဖန်တီးရှာဖွေသူ ဖြစ်ပါတယ်။ ဘီလူး/မိစ္ဆာဆန်ဆန် “MONKEY” ဟာ Digitalနဲ့ ရိုးရာဆွဲသားနည်းတို့ကို ပေါင်းစပ် ဆွဲသားထားတာ ဖြစ်ပြီး၊ အလင်း အမှောင်ကိုသင့်တင့်ညီမျှစွာ ထည့်သွင်းထားတာပါ။ စူးစူးရှရှ တောက်ပနေတဲ့ မျက်လုံးကနေစလို့ MONKEY ဟာ မာန်အပြည့်နဲ့ အသက်ဝင်လာပါတော့တယ်။

ပြည့်ဝေမြဝင်း ဖန်တီးထားတဲ့ Memento Mori နဲ့ NanYan’s vii Collection @2022

ပြည့်ဝေမြဝင်းဟာ အလွတ်တန်း Graphic Designer တစ်ယောက်ဖြစ်ပြီး သူ့ရဲ့လက်ရာတွေမှာဆိုရင် စီရရီကျမှုနဲ့ သေသပ်လှပမှုတို့ရဲ့အရသာကို ထိထိမိမိ ခံစားရစေပါတယ်။ လူတို့ရဲ့နေထိုင်ခြင်း သဘောတရား တစ်ခုလို့ ဆိုရမယ့် “Memento Mori” - “သေမှာအမှန်တရား မသေခင်မှာခံစား” ဆိုတဲ့ အဓိပ္ပါယ်ကို ၈၀ ခုနှစ်တွေဆီက မြန်မာစတိုင် Typography နဲ့ Graphic Design / ရှင်သန်မှုနဲ့ သေခြင်းတရား တို့ကို တွဲဖက်ပေါင်းစပ်ပြီး သူက ရေးဆွဲလိုက်ပါတယ်။ အချိန်တွေ မကုန်ဆုံးခင် နေထိုင်ကြည့်လိုက်ဖို့ပဲ ဖြစ်ပါတယ်။

သည်းဦးသဇင် ရေးဆွဲထားတဲ့ ပျားနှင့်လိပ်ပြာ နှင့် NanYan’s vii Collection @2022

သည်းဦးသဇင်ဟာ သူမရဲ့လက်ရာများကို ဆိုရှယ်မီဒီယာမှာ ဖော်ပြရင်း လူငယ်ထုကြားထဲ ရောက်ရှိလာခဲ့သူ တစ်ယောက်ပါ။ (မြန်မာ)ပြည်တွင်းမှာ ပျံနှံ့စီးဆင်းနေတဲ့ အကြောင်းအရာများကို အနောက်တိုင်းဟန်စွက်ပြီး ရေးဆွဲထားတဲ့ သူမ လက်ရာများဟာ ကြည့်ရှုသူကို ဆွဲဆောင်စေပါတယ်။ စကန်ဒန်နေးဗီးယန်း ရိုးရာ ကျေးလက် ရေးဆွဲဟန်များကို အခြေခံပြီး ဖန်တီးထားတဲ့ ပျားနဲ့လိပ်ပြာလက်ရာလေးဟာ၊ သူ့ရဲ့စာသားလေးနဲ့အတူ ခံစားကြည်နူးဖွယ် အတိပါပဲ။

ဇာနည် ပုံဖော်ဖန်တီးထားတဲ့ အချစ်ကလက်ထဲမှာ နှင့် NanYan’s vii Collection @2022

ဇာနည်ဟာ Typography နဲ့ Graphic Design များကို အဓိကရေးဆွဲရင်း ကိုယ်ပိုင်နာမည် တစ်ခု ရရှိလာသူ ဖြစ်ပါတယ်။Minimal Graphic Style တွေကို တစိုက်မတ်မတ် ရေးဆွဲလာခဲ့ ဇာနည်ဟာ “အချစ်က လက်ထဲမှာ” စီးရီးမှာလည်း ပုံ နဲ့ စာသားတွေကို အရိုးရှင်းဆုံး တွဲစပ်ပြထားပါတယ်။ ရိုးရှင်းမှုဟာ အဆန်းသဖွယ် ဆိုတဲ့အတိုင်း ဇာနည်ရဲ့လက်ရာတွေဟာ လူတစ်ဦးနဲ့ တစ်ဦးကို ပိုမိုဆန်းကျယ်စွာ မြင်တွေ့ခံစားစေမှာပါပဲ။


Gallery

Production

VII

Alco - Burden

Bay Bay - Composed Love Scene

Do Shine - Kinari & Kinara

Hlaing Wai Lwin - Monkey

Pyae Wai Mya Win - Memento Mori

Thee Oo Thazin - Bee & Butterfly

Zarni - Love is ours

ARTISTS

ALCO

ALCO (မိုးကုတ်၊ ၁၉၉၉) သည် Diploma in Interior Design (2016-2017) ကို Yangon School of Interior Design ကျောင်းမှ ရရှိခဲ့သည်။ ငယ်စဥ်ကတည်းက Portrait Drawing များကို စမ်းသပ်ရေးဆွဲရင်း အနုပညာကိုပိုပြီး စိတ်ဝင်စားလာခဲ့သည်။ Emotional Trauma နှင့် Nightmare တို့ကို ပြန်လည်ခံစားပြီး မီဒီယံအစုံကို စမ်းသပ်အသုံးပြုထားသော လက်ရာများကို ဖန်တီးလေ့ရှိသည်။

BayBay

Baybay (ထားဝယ်၊ ၁၉၉၁) သည် ဓာတ်ပုံနှင့်ဆိုင်သော အနုပညာလက်ရာများနှင့် ဓာတ်ပုံကိုအခြေခံပြီး အခြားမီဒီယာများနှင့် ရောစပ်ကာ စမ်းသပ်ဖန်တီး‌သော ဆာရီရယ်လစ်ဇမ်လက်ရာများကို ပြုလုပ်ခဲ့သည်မှာ ငါးနှစ်ကျော်ပြီဖြစ်သည်။ လက်ရှိတွင် အလွတ်တန်းဓာတ်ပုံဆရာအဖြစ်လုပ်ကိုင်နေပြီး ၂၀၁၇ ခုနှစ်တွင် ရန်ကုန်မြို့ရှိ Myanm/art ပြခန်း၌ ပြသခဲ့သော တကိုယ်တော်ပြပွဲအပါအဝင် အခြားသော ပြပွဲများစွာတွင်လဲ ပါဝင်ပြသခဲ့သည်။ပြည်တွင်းတွင် ကျင်းပခဲ့သော အကြီးဆုံးဓာတ်ပုံပြပွဲတစ်ခုဖြစ်သည့် “ရန်ကုန်ဓာတ်ပုံပြပွဲ” တွင်လည်း Baybay ၏ လက်ရာများကို ပါဝင်ပြသခဲ့သည်။

ဒိုရှိုင်း

ဒိုရှိုင်း (ရန်ကုန်၊ ၁၉၉၂)သည် ၂၀၁၀ ခုနှစ်လောက်တွင် Graphic Designer အဖြစ် စတင်ပြီး Graphic Design အပြင် Web Design နှင့် UI/UX တို့ကိုပါ ဖန်တီးခဲ့သည်။ ဂိမ်းနှင့် ဂိမ်းဆိုင်ရာ နယ်ပယ်များတွင် လက်ရှိ လုပ်ကိုင်နေပြီး၊Freelance အနေဖြင့် Illustrations, Character Design Concept များနှင့် Album Artwork များကို ရေးဆွဲလျက် ရှိပါသည်။

လှိုင်‌ဝေလွင်

လှိုင်ဝေလွင် (မော်လမြိုင်ကျွန်း၊ ၁၉၈၇) သည် ယဥ်ကျေးမှုတက္ကသိုလ်(ရန်ကုန်) ကျောင်းဆင်းအနုပညာရှင်တစ်ဦးဖြစ်ပြီး ရိုးရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို Digital နဲ့ ပေါင်းစပ်ပြီး Artwork များ ဖန်တီးလေ့ရှိသည်။ Digital Artwork များအပြင် ရေဆေးပန်းချီများကိုလဲ ရေးဆွဲလျှက်ရှိသည်။

ပြည့်ဝေမြဝင်း

ပြည့်ဝေမြဝင်း(ရန်ကုန်၊ ၁၉၈၃) သည် “DesignByRyanPyae” ဟူသော အမည်ဖြင့် Branding နဲ့ Visual Communications များကို လုပ်ကိုင်နေသော Freelance Graphic Designer ဖြစ်သည်။ Typography၊ Illustrated Maps၊ Apparel Designs နဲ့ Embroidery Patch Designs များကို ရေးဆွဲလျက်ရှိသည်။

သည်းဦးသဇင်

သည်းဦးသဇင် (ရန်ကုန်၊ ၁၉၉၃)သည် သရုပ်ဖော်ပုံများ၊ရုပ်ပြများကို အများအားဖြင့် ရေးဆွဲသည်။ အမျိုးသမီးပုံများနှင့် ပန်းမန်များကို အများဆုံး ရေးဆွဲလေ့ ရှိသည်။ လက်ရှိတွင် စာနှင့်ပုံ၏ အစပ်အဟပ်များကို ရေဆေး၊ မင်၊ Gouache၊ Digital Software များနှင့် အခြားသော Mixed Media များကို အသုံးပြုကာ စမ်းသပ်ရေးဆွဲလေ့ ရှိသည်။

ဇာနည်

ဇာနည် (ရန်ကုန်၊ ၁၉၈၄) သည် Graphic Designer အဖြစ် လုပ်ကိုင်နေပြီး Graphic Design နဲ့ Typography တို့ကို ဖန်တီးရေးဆွဲလျက်ရှိသည်။

exposes | collaborates | introduces | celebrates | diverts | presents

NanYan ©2020 All Rights Reserved.

Contact Us

+959 7740 26375info@nanyan.com.mmnanyanmm.2020@gmail.com